အခန်း၂ ဝိညာဉ်သားရဲလေးကောင်ရဲ့ သွေး အဘွားစစ်က ချင်မူ့ကို ရွာဘက်သို့ ဆွဲခေါ်လာရင်း ပြုံးလိုက်သည်။ "ဟိုဟိုဒီဒီ လျှောက်ကြည့်မနေတော့နဲ့.. မြန်မြန်လာ.. ဒီနေ့က မင်းအတွက် အရေးကြီးတဲ့နေ့... ရွာလူကြီး၊ အဘိုးကြီးမာ၊ အကုန်လုံး လာခဲ့ကြတော့..." ရွာထဲတွင် မီးပုံကြီးတစ်ခု ထွန်းလင်းနေသည်။ ရွာလူကြီးကို ထမ်းစင်နှင့် သယ်ထုတ်လာ၏။ သူက မေးလိုက်သည်။ "ဝိညာဉ်လေးကောင် ရခဲ့ပြီလား..." “အကုန် ရခဲ့ပါပြီ…” လက်တစ်ဖက်သာ ရှိတော့သည့် အဘိုးကြီးမာက တည်ငြိမ်စွာ ပေပေါင်းများစွာ ရှည်သည့် ကျောက်စိမ်းရောင် မြွေကြီးကို ဆွဲထုတ်လာသည်။ ထိုမြွေက သွေးညှီနံ့များ ထွက်နေသော်လည်း အသက်ရှင်လျက် ရှိသေး၏။ သို့သော်လည်း အဘိုးကြီးမာ၏ တစ်ဖက်တည်းသော လက်ဖြင့် ဆုပ်ညှစ်ထားမှု အောက်တွင် လူးလွန့်နိုင်ခြင်း မရှိပေ။ တစ်ချိန်တည်းမှာပင် ပန်းပဲဆရာရွှေအက သူ့ကိုယ်ထက် ယောင်ယောင်လေး ကြီးသည့် ငှက်ကြီးတစ်ကောင်ကို သယ်လာသည်။ ထိုငှက်၏ အတောင်ပံနှင့် ခြေထောက်များကို ချည်နှောင်ထားပြီး ရုန်းကန်လိုက်တိုင်း မီးပွင့်တဖွားဖွား ထွက်နေ၏။ ထိုသို့ရုန်းကန်ရာမှ ထွက်ပေါ်လာသော တဖျောင်းဖျောင်း တဖြန်းဖြန်း အသံများက ကြက်သီးထဖွယ် ကောင်းလှသည်။ ထို့နောက်တွင် မျက်မမြင်က စားပွဲတစ်လုံးအရွယ်ထက် ကြီးမားသော လိပ်ကြီးတစ်ကောင်ကို သယ်ဆောင်လာ၏။ ထိုလိပ်ကြီးက နှစ်ပေါင်း မည်မျှ ကြာအောင် ရှင်သန်ခဲ့သည်မသိ၊ အခွံကပင် ရွှေရောင်သန်းနေချေပြီ။ ခြေလေးချောင်းလုံးက အခွံထဲ ဝင်နေပြီး တစ်ချက်တစ်ချက်တွင် ခြေတစ်ချောင်း ထွက်ထွက်လာသည်။ ထိုသို့ ထွက်လာချိန်၌ ကိုယ်လုံးအောက်မှ ရေငွေ့များ ထွက်လာသည်ကို ချင်မူ တွေ့ရ၏။ ထိုရေငွေ့များက ၎င်းကို လေပေါ်ပင့်တင်၍ ပြေးထွက်သွားနိုင်လောက်သည်အထိ အားပြင်းသည့်ပုံ ပေါ်၏။ ထိုသို့ ထွက်မပြေးနိုင်သည့် တစ်ခုတည်းသော အကြောင်းမှာ မျက်မမြင်က ၎င်း၏နှာခေါင်းကို ချိတ်ဖြင့် ဖောက်၍ ဆွဲထားသောကြောင့် ဖြစ်သည်။ "နဂါးစိမ်း၊ ကျားဖြူ၊ မီးငှက်နဲ့ လိပ်နက်… ငါတို့အနေနဲ့ အဲဒီဝိညာဉ်သားရဲ လေးကောင်ရဲ့ သွေးကို မရှာနိုင်ပေမဲ့ နဂါးစိမ်းမြွေ၊ သံမဏိအရိုးကျား၊ လျှပ်စီးငှက်နဲ့ ရွှေရောင်လိပ်ကို အစားထိုးပြီး သုံးလို့ရပါသေးတယ်… ဒီကောင်တွေနဲ့ဆို လုံလောက်ပြီ...” ရွာလူကြီးက ရွာ၏ တစ်ဦးတည်းသော သားသတ်သမားကို ခေါင်းတစ်ချက် ဆတ်ပြလိုက်သည်။
26.09.2025 06:58